ဘစောတင်
ကောင်းကင်တပြင်လုံး တိမ်တွေနဲ့ မည်းမှောင်လို့ 
ရာစုနှစ်တ၀က်လောက် အမှောင်တွေဖုံးနေခဲ့တဲ့
ရွှေတိဂုံမြတ်ဘုရားရှေ့ မှောက်က မြို့ အိုကြီးဟာ
သမိုင်းစာမျက်နှာများစွာကို ငုံထားတဲ့
ရန်ကုန်ဖြစ်တယ်၊
ရန်တွေမကုန်နိုင်တဲ့ရန်ကုန်ဟာ
ကမ္ဘာတုန်အောင်အကြိမ်ကြိမ်ပေါက်ကွဲပြခဲ့သော်ငြား
အာဏာရှင်များနဲ့ သာ နှစ်ပါးခွင်တင်ဆက်နေရ
ငါတို့ ကဘဲညံ့သလား
မှတ်တမ်းများကတော့ အားလုံးအတွက် အနီကဒ်၊
ဗျာဒိတ်မြေပါလက်စတိုင်းကိုသွားဖို့ 
ဂျူးတွေမှာ
သမ္မာကျမ်းစာရှိတယ်
ငါတို့ မှာ ရန်ကုန်မြစ်ကိုဝင်ဖို့ 
သေချာတဲ့အညွန်းမရှိဘူး
အိပ်ဇိုးဒပ်မရှိဘူး
အယ်ရီဘီကီနင်မရှိဘူး
ဒေးဗစ်ဘင်ဂူရီယန်မရှိဘူး၊
နှစ်ပေါင်းထောင်ချီပြီး နိုင်ငံပျောက်ခဲ့တဲ့
အစ္စရေးတွေဟာ
ဗျာဒိတ်မြေကိုပြန်ဖို့ 
သေမင်းနှုတ်ခမ်းတွေနဲ့ တည်ဆောက်ထားတဲ့
ဆိုက်ဘေးရီးယားက ခြေလှမ်းစတယ်၊
နာဇီတွေရဲ့ပြောင်းဝရှေ့ က
မဟာမိတ်တွေရဲ့ သံဖနောင့်ကြားက
တိုးဝင်ဖြဲထွက်ခဲ့ကြတယ်၊
ငါတို့ မှာပြောင်မြောက်တဲ့သူရဲကောင်းတွေရှိတယ်
အားကိုးလောက်တဲ့နောက်လိုက်မရှိဘူး
ခေါင်ထိအကုန်စားခံရတဲ့
စည်းမျဉ်းနဲ့ တော့ ရန်ကုန်မြစ်အ၀င်မှာ
အောင်လံထူနိုင်မယ်မဟုတ်၊
မတိုက်ခင်ကပင်
ပြေးပေါက်ကိုအရင်ချောင်းတတ်တဲ့သူတွေနဲ့ 
အသက်ကိုရင်းရတဲ့တိုက်ပွဲကို
အနိုင်ရအောင်ဘယ်လိုတိုက်ကြမလဲ၊
စစ်မှန်သောအောင်ပွဲကိုသွားရာလမ်းမှာ
ဖြတ်လမ်းမရှိတဲ့၊
ရှေးကလူတွေလိုဘဲ
တိုက်ရဲသူ
တိုက်တတ်သူသာ
အောင်ပွဲကိုရှာတွေ့ မယ်
တွေဝေသူအတွက်ကတော့
လက်ခုပ်တီးတတ်အောင်သင်တာအကောင်းဆုံးထင်ပ၊
အသက်နဲ့ လက်ရှိအနေအထားကို နှမြောနေသူများ
လက်ခုပ်တီးတတ်အောင်ကျင့်ပ၊
အနီကဒ်တထပ်နဲ့ တဘက်သတ်ဆုံးဖြတ်တဲ့ ဒိုင်လူကြီးမှာ
ပွဲသိမ်းမှုတ်စရာ ခရာမပါခဲ့ဘူး
အပေးခံရတဲ့အနီကဒ်တွေကို
အလံရက်ရမဲ့ငါတို့ ဘက်က
အဆုံးစွန်စွန့် လွတ်မှုတွေကို
တောင်းဆိုတယ်
ရန်ကုန်မြစ်အ၀င်မှာ ၀င်ပါမလား၊
ဒလနဲ့ ရန်ကုန်
တွံတေးနဲ့ ကွမ်းခြံကုန်း
တ၀ုန်းဝုန်းထကြွမဲ့ တော်လှန်ဒီလှိုင်းများ
မကြာခင်မောင်းနှင်မဲ့ အိပ်ဇိုးဒပ်စ်နဲ့ အတူ
ကမ္ဘာတုန်ဟီးသွားစေရမယ်၊
ပင်လယ်ကိုဆန်ပြီးထွက်ပြေးသူများထက်
ပင်လယ်ကိုဆန်ပြီးတော်လှန်သူများကို
ဖိတ်ခေါ်တယ်၊
အသက်ကိုလှူရဲသူ
စာရင်းတို့ လှည့်၊
နှစ်ထောင့်တဆယ်အလွန်မှာ
ခွန်အားတွေလိုတယ်၊
ပြောင်းလဲမှုကိုမျှော်လင့်နေတဲ့ပြည်သူအတွက်
အသစ်တခုကိုပေးဖို့ 
အသစ်တခုကိုမျှော်လင့်နေတဲ့မျိုးဆက်သစ်အတွက်
အကောင်းဆုံးလက်ဆောင်တခုကိုပေးဖို့ 
ရန်ကုန်မြစ်အ၀င်မှာ
ဂန္ထ၀င်တော်လှန်ရေးတခုဆင်နွဲရအောင်၊
ရန်ကုန်ဆိပ်ကမ်းမှလှိုက်လှဲစွာကြိုဆိုပါသည်၊
Summary
Rest of your post



No comments:
Post a Comment