ဘစောတင်
(က)
ဒီကနေ့ မြန်မာပြည်တ၀ှမ်းမှာ အစားအသောက်အကြောင်း ပြောကြပြီဆိုလျှင် မပါမဖြစ် လူကြိုက်များသော စားသောက်ဖွယ်ရာ တခုကတော့ ”ရခိုင်မုန့်တီ” ဆိုတာဘဲဖြစ်ပါတယ်၊ ဟို ယခင်ကတော့ မနက်မိုးလင်းလာရင် အများစုချဉ်ခြင်းတတ်တာက မုန့်ဟင်းခါးပါဘဲ၊ အခုတော့ မုန့်ဟင်းခါးနဲ့ ရခိုင်မုန့်တီတို့ဟာ နံနက်စာအဖြစ်မြို့ကြီးများရဲ့ နေရာ အတော်များများမှာ အသုံးတော်ခံကာ နေရာယူနေကြလေရဲ့၊ အာပူလျှာပူလေး ဆွဲလိုက်ရလို့ကတော့ ချွေးတွေ ပြန်ပြီး ရှူးရှဲရှူးရှဲနဲ့ကိုနေနေတော့တာဘဲ၊ ရန်ကုန်မြို့ မှ နာမည်ကျော် အင်းလျားကန်ဘောင် ပေါ်က ကျောက်ဖြူမုန့်တီဆိုင်ကတော့ အခုလိုဆောင်းတွင်းကာလမှာ ကျန်းမာရေးလာလုပ်တဲ့ လူတွေရဲ့ ဖေးဘရိတ်ပါ။
ကျနော်တို့ ကတော့ မွေးကတည်းက မိဘရိုးရာမုန့် တီကိုစားပြီး ကြီးပြင်းလာခဲ့တာမို့  မုန့် တီဆိုတာ အထူးအဆန်းမဟုတ်ပေမဲ့ မုန့် တီရဲ့ အစွမ်းအစဟာ ကျနော်တို့ထဲက လူတချို့ ဒါမှမဟုတ် လူများစုကို မင်းတို့ ငါ့လိုကြိုစားကြ၊ မင်းတို့ ရေလိုက် လွဲနေတယ်လို့ ကျနော်တို့ကို သွန်သင် ဆုံးမနေတယ်ဆိုတာ ကျနော်တို့ မသိသားဆိုးရွားလွန်းနေတာကို ကိုယ်ဘာသာ စိတ် ဆိုးမိတယ်၊ တကယ်ပဲ။
(ခ)
တနေ့ က အွန်လိုင်းပေါ်မှာ ကျနော်ဒဂုံတက္ကသိုလ်မှာ လုပ်တုန်းက တပည့်ဖြစ်ခဲ့သူ ဆန်းဝင်းနဲ့ ဆုံဖြစ်လို့ ထွေရာလေးပါး ပြောရင်း ဗဟန်းမြို့ နယ် ဦးချစ်မောင်လမ်းပေါ်မှာ ရှိတဲ့ မင်းလမ်းက ရခိုင်မုန့်တီဆိုင်အကြောင်း ရောက်သွားကြတယ်၊ ရောက်ပုံက သူတို့ အခုနေတဲ့ ဂျပန်ပြည် ယိုကိုဟားမားမြို့ ကို ဂွတ္တလစ်မှာမုန့်တီရောင်းခဲ့တဲ့ သူတယောက်ရောက်နေတယ် ဆိုတာကစပြီး ကားသွားလိုက်တာပါ၊ မင်းလမ်းကမုန့်တီဆိုင်ပိုင်ရှင် အမျိုးသမီးဆွဲထားတဲ့ကြိုး က ကျပ်ချိန် အတော်များ မယ်ထင်တယ်၊ ငါးကျပ်သားထက် တော့နည်းမယ်မထင်၊ အဲဒါကို ဆန်းဝင်းက မုန့်တီမျှင်တွေကို ကျစ်ပြီးဆွဲထားတာ မဟုတ်လား ဆရာတဲ့၊ ၀င်္က၀ုတ္တိအလင်္ကာ သဘောနဲ့ ဆိုရင်ဟုတ်တာပေါ့၊ ” မုန့် တီ ရောင်း၍ရသော ပိုက်ဆံများဖြင့် ချမ်းသာလာသည်ဟု မပြောဘဲ မုန့် တီမျှင်ကိုကျစ်ပြီးဆွဲထားတာဟုပြောသောကြောင့်” ၀င်္က၀ုတ္တိအလင်္ကာမြောက် နေတာဘဲလေ၊ အဲဒီမင်းလမ်းကဆိုင်တို့ အင်းလျားကန်ဘောင်ကဆိုင်တို့ ကတော့ တကယ့်ကို နံမည်ကျော်ဆိုင်တွေပါ၊ ကိုယ်ပိုင်ကားတွေနဲ့ တမျိုး လိုင်းကားစီးပြီးတဖုံ မတူညီတဲ့နေရာတွေ က လာရောက်အားပေးကြတာလေ၊ အဲဒီရခိုင်မုန့် တီဆိုတာ ဘယ်ကဘယ်လို စတင်ဆင်း သက်လာသလဲတော့ ကျနော်လည်းအသေအချာမသိပါဘူး။ ဒါပေမဲ့ ကမ္ဘာအရပ်ရပ်ရှိ လူမျိုး အသီးသီးကတော့ သေးသေးမျှင်မျှင်ရှည်ရှည်လျားလျားမုန့် ဖတ်များကို အရည်နဲ့ စားကြတာ ကတော့ ဖြူဖြူမည်းမည်း လူမျိုးတိုင်းမှာရှိကြသည်ချည်းလေ၊ အခုကျနော်တို့ ခေတ္တ နားခို နေတဲ့ယိုးဒယားတွေများ သူတို့ ရဲ့ ကွတ်တယိုဟာ အားလုံးရဲ့ဖေးဘရိတ်ပါဘဲ၊ တရုတ်ကတမျိုး ဂျပန်ကတဖုံ စုံတကာစေ့အောင်ကြိုက်ကြသည့် မုန့်တီနှင့် ညီအကိုမောင်နှမ တော်စပ်ကြလေသည့် နိုင်ငံတကာက သေးသေးမျှင်မျှင် ရှည်ရှည်လျားလျားမုန့် ဖတ်များမှာလည်း သူ့ ရာဇ၀င် နဲ့ သူရှိကြမှာပါ၊ ရခိုင်မုန့် တီရဲ့ဇစ်မြစ်ကို မသိပေမဲ့ ရခိုင်မုန့် တီရန်ကုန်မြို့ ကို စတင်ချဉ်းနင်းဝင် ရောက်ခဲ့ပုံကိုတော့ မှတ်မိသရွေ့ ဆန်းဝင်းကိုပြောပြဖြစ်တယ်။
မဆလခေတ်တုန်းက ရန်ကုန်တက္ကသိုလ်မှတက်နေတဲ့ ကိုရွှေကျော်သိန်းဆိုတဲ့ တက္ကသိုလ်ကျောင်းသား တယောက်က ကျောင်းလခ၀င်ငွေရှာတဲ့ သဘောနဲ့ ရောင်းခဲ့တယ်လို့ ဆိုကြတယ်၊ အဲဒီတုန်းက စစ်တွေကောလိပ်က နှစ်နှစ်သင်ကျောင်းဆိုတော့ စစ်တွေကောလိပ် မှာတက်တဲ့သူမှန်သမျှ ရန်ကုန်တက္ကသိုလ်ရောက်ကြတာဆိုတော့ ရန်ကုန်တက္ကသိုလ် တခု တည်းမှာတင် ရခိုင်ကျောင်းသူကျောင်းသားက ရာနဲ့ ချီနေတာ၊ အခြားစက်မှုတက္ကသိုလ် ဆေးတက္ကသိုလ်နဲ့ ဂျီတီအိုင်တို့ ပညာရေးတက္ကသိုလ်တို့ ပေါင်းလိုက်ရင် ထောင်ချီရှိတာကိုး၊ ပိုသေချာချင်ရင် မင်းတို့ နဲ့ အတူတူအခုဂျပန်မှာရှိနေတဲ့ မြန်မာ့ဘောလီဘောလက်ရွေးစင် ဟောင်း ကိုမြတ်သူကိုသာမေးကြည့်တော့လို့ နတ်လမ်းညွှန်လိုက်ရတယ်၊ သူ့ ခေတ်ကဆို သူလည်းတက္ကသိုလ်ရဲ့အကျော်အမော်တယောက်ထဲမှာ အ၀င်အပါပေါ့၊ မဆလခေတ်နှောင်းက အဓိပတိလမ်း ကန့် ကော်တန်းနဲ့ ခုံတန်းပြာများမှတ်မိနေတဲ့ မြသီလာရဲ့အိမ်ရှေ့ စံထဲမှာ ကိုမြတ်သူလဲပါခဲ့ဖူးတာဘဲလေ၊ အဲဒီခေတ်ကကျောင်းသားတွေ ရှေးဟောင်းနှောင်းဖြစ် စားမြုံ့  ပြန်ကြရင် သူ့ ကိုလည်းသတိတရရှိနေတတ်ကြတယ်၊ မဟာရန်ကုန်ကို ရခိုင်မုန့် တီစတင် ခြေချတာကတော့ကိုရွေှ့ကျော်သိန်းကလို့ ဆိုရင်မမှားလောက်ပါဘူး၊ ဒုတိယမြောက်လူက တော့ ရခိုင်ပြည်နယ်နယ် ကျောက်ဖြူမြို့ နယ် စနဲအလယ်စုက ကိုခင်မောင်ရီဆိုတာကို မှတ်မိနေတယ်၊ မှတ်မိရတာကတော့ လူရင်းတွေမို့ ပါ၊ သူကတော့ တက္ကသီလာမြကျွန်းသာမှာ မဟုတ်ရပါဘူး၊ ဂွတ္တလစ်ဈေးမှာစတာပါ၊ ထမ်းပိုးလေးတခုနဲ့ လျှောက်ရောင်းတာပေါ့၊ တကယ်တော့ ကိုခင်မောင်ရီဟာ ရန်ကုန်ကိုမုန့် တီရောင်းဖို့ လာခဲ့တာမဟုတ်ပါဘူး၊ သူ့ နဲ့  ရွာမှာတုန်းကညီအကိုလိုနေခဲ့တဲ့ပန်းထိမ်ဆရာဦးလှရွှေဆီမှာ ပန်းထိမ်သင်မလို့ ပါ၊ ပန်းထိမ်သ မားလုပ်မယ်ပေါ့လေ၊ ပန်းထိမ်ဆရာကလည်း ”မင်းအမည်အများကြီးမသင်နဲ့ လက်စွပ်တမျိုး တည်းသင် တမျိုးတတ်ရင်လက်ခစားပေးမယ်”ဆိုပြီးသင်ပေမဲ့ အသက်အရွယ်ကကြီးနေပြီဆို တော့ ဘယ်လိုမှသင်လို့ မရတော့တာနဲ့ ကဲမင်းကိုငါအရင်းထုတ်ပေးမယ် မုန့် တီရောင်းကွာဆို လို့ မုန့် တီသည်ဖြစ်လာခဲ့ရတယ်၊ အထမ်းကလေးနဲ့ မုန့် တီသည်ဆိုလို့ လျှော့မတွက်နဲ့ မောင် နောင်သောအခါ သပြေဦးကိုခင်မောင်ရီရယ်လို့ လမ်း(၃၀) မဂိုလမ်းတ၀ိုက်မှာ နာမည်တလုံးနဲ့  နေသွားခဲ့တာ သေသည်ထိပေါ့၊ အခုတော့လည်း ကိုရွှေကျော်သိန်းတို့ ကိုခင်မောင်ရီတို့  ဖောက်ခဲ့တဲ့မုန့် တီလမ်းမကြီးပေါ်မှာ နောက်ပေါ်လာခဲ့ကြတဲ့ မုန့် တီသည်တွေဟာ ရွှေတွဲလဲ ငွေတွဲလဲနဲ့ သူဌေးသူကြွယ်တွေဖြစ်လို့ ပေါ့၊ ကျနော့ငယ်သူငယ်ချင်းအရင်းကြီး ကျော်ငြိမ်းလို့  ခေါ်တဲ့ ငငြိမ်းတောင်ပန်းထိမ်အလုပ်ကိုရပ်ပြီး တာမွေကအသောကဈေးနားမှာ မုန့် တီရောင်း လိုက်တာ အခုဆို သူဌေးစာရင်းဝင်နေပြီပြောသံကြားတယ်၊
(ဂ)
ရခိုင်မုန့် တီဆိုတာ သူ့ ရဲ့မူလက မထင်မရှားဘ၀နဲ့ ကျေးလက်ဒေသကြိုက် ဒါမှ ဒေသတခုကလူမျိုးတမျိုးရဲ့ရိုးရာအစားအသောက်ပါ၊ အဲဒါကို လူအများလက်ခံလာအောင် ကြိုက်နှစ်သက်အောင် လုပ်နိုင်ကြသောအခါ နိုင်ငံတခုရဲ့ဖေးဘရိတ်အစားအသောက် စာရင်း ၀င်လာခဲ့တာပေါ့၊ ဒါဟာဘာကိုပြသလဲဆိုရင် လူအများလက်ခံအောင်လုပ်နိုင်ရင် အောင်မြင် နိုင်တယ်ဆိုတဲ့သဘောတရားလို့ ဘဲမဟုတ်လား၊ လူတယောက်ဟာတောမှာမွေးလို့  ဆင်း ရဲသားအသိုင်းအ၀ိုင်းက မွေးဖွါးလာလို့ အနှိမ်ခံလူမျိုးဖြစ်လို့ ဆိုတဲ့ အခြေအမြစ်မခိုင်မာတဲ့ ဆင်ခြေတွေကိုပွေ့ ပိုက်ပြီး ဖုံးနေတဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ညှစ်ထုတ်ဖို့ မပြင်ဆင်ဘဲ အချင်းချင်းအငြင်းပွါး အတင်းအဖျင်းစကားများရဲ့အောက်မှာ မရေရာတဲ့ဘ၀များကတဆင့် ကိုယ့်ကိုကိုယ်မြှုပ်နှံပစ်နေကြတယ်၊ ကျနော်တို့ ဟာ ပြည်တွင်းမှာရောပြည်ပမှာပါ ကိုယ့်စွမ်း ကိုယ်စ ကိုယ်ရည်ကိုယ်သွေးကို အစွမ်းကုန်ညှစ်ထုတ်ရမဲ့အစား ကိုယ်ညံ့တာကိုညံ့ပြီးတော့ မနေဘဲအခြားသူတွေကိုပါ အညံ့စာရင်းမှာထည့်ရအောင် သေဖော်ညှိနေကြတာ မမြင်ချင် မကြားချင်ပေမဲ့ မြင်သိနေရတယ်၊ ကိုယ်ကိုယ်တိုင်လည်း အဲဒီဝဲဂယက်ကရုန်းမထွက်နိုင်ခဲ့လို့  မကြာခဏကျွံကျခဲ့ဖူးလေရဲ့၊ ဒါကြောင့်မုန့် တီမျှင်လေးတွေကပြတဲ့တရားကို စောစောက မသိသားဆိုးရွားခဲ့လို့ တကယ်ဘဲကိုယ့်ကိုယ်ကို စိတ်ဆိုးမိတယ်ပြောခဲ့တာ၊ အသေအချာတွေး ကြည့်ပါလေ၊ ဒီကနေ့ ကျနော်တို့ ခင်ဗျားတို့ ရဲ့ သမိုင်းဝင်ဧည့်ခန်းထဲက ရာဇ၀င်ပြောင်ခဲ့တဲ့ နောင်တော့်နောင်တော်ကြီးတွေ ခေါင်းဆောင်ကြီးတွေ သမိုင်းကိုထုဆစ်တည်ဆောက်ခဲ့တဲ့ သူတွေအားလုံးဟာ ရွှေဇွန်းကိုက်ပြီးမွေးဖွါးလာကြတဲ့သူတွေမဟုတ်ပါဘူး၊ သာမန်သူလိုငါလို ဘ၀မျိုးကနေဆင်းသက်လာပြီး သာမန်လူတွေထက်ပိုမိုကြီးမြတ်တဲ့အလုပ်ကို ရဲရဲဝံ့ဝံ့လုပ် ဆောင်သွားခဲ့ကြတယ်ဆိုတာ အားလုံးအသိပါ၊ ကြီးကျယ်ခမ်းနားသောအရာကိုဖြစ်စေ၊ အောင်မြင်ကျော်ကြားမှုရယ်လို့ ကင်ပွန်းအတပ်မခံရသော်လည်း လက်ရှိအနေအထားကို ဖောက်ထွက်ကျော်လွန်ပြီး သူတကာထက် နှာတဖျားခေါင်းတလုံးသာအောင် လုပ်ရတဲ့အရာ မှန်သမျှမှာ ထူးခြားတဲ့လက္ခဏာရှိရိုးအမှန်ပါ၊ အလွယ်တကူမပင်မပန်းဘဲ ဘာကိုမှမရနိုင်ပါ ဘူး၊ ရခဲ့တယ်ဆိုရင်လဲ အဲဒါဟာ လူအများအတွက်စံနမူဘယ်လိုမှဖြစ်လာစရာမရှိပါဘူး၊ အဲဒီ လိုမျိုး အောင်မြင်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ပုဂ္ဂိုလ်မွန်တွေအားလုံးဟာ သူအရွယ်ရှိတုန်း လုပ်နိုင်ကိုင်နိုင်တုန်းမှာ သူလုပ်နိုင်တဲ့စွမ်းတဲ့ဘက်မှာ ဇက်ကုန်ဖွင့်ကာလုပ်ခဲ့တဲ့သူတွေဘဲ ဖြစ်တယ်၊ သာမန်လူတွေစာရင်းမှာ ထာဝစဉ်ကျောက်ချရပ်နားထားတဲ့ ကျနော်တို့ လို ပေါ့ပေါ့ နေပေါ့ပေါ့စားထဲကမဟုတ်တာ သေချာတယ်၊ ချီးမွှမ်းခြင်း ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံ တရားရဲ့ မြှူဆွယ်မှုအောက်မှာလည်း မိမနေပါဘူး၊ သူ့ သမိုင်းကိုသူကိုယ်တိုင်ရေးခြစ်တယ်။ ထုဆစ် တယ်၊ အဲဒါကိုသာမန်လူတွေကအားကျတယ်၊ သူကတော့ သူကိုယ်တိုင်ကြီးမြတ်တဲသမိုင်းကို ထုဆစ်နေပါလားလို့ သိနေတာမဟုတ်ပါဘူး၊ သူ့ အလုပ်ကိုသူလုပ်နေတာပါ၊
သူ့ အချိန်သူ့ ကာလ သူ့ ခေတ်သူ့ အခါမှာ သူလုပ်စရာရှိတာ လုပ်သင့်လုပ်ထိုက်တာ ကို လက်ကုန်လုပ်ခဲ့လို့ သူနဲ့ သူကိုယ်စားပြုခဲ့တဲ့ခေတ်ကြီးဟာ နှောင်းလူတွေအတွက် စံပြ နမူနာဖြစ်ခဲ့ရတယ်၊ ဆရာတော်ဦးဥတ္တမ ဗိုလ်ချူပ်အောင်ဆန်း ဒေါ်အောင်ဆန်းစုကြည် မင်းကိုနိုင် အရှင်ဂမ္ဘီရ အစရှိသော (၂၀)ရာစုတခေတ်လုံးနဲ့ (၂၁)ရာစုမှာပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံ့သားကောင်းရတနာ သမီးကောင်းရတနာများဟာ သူတို့ ခေတ်ကပေးလာတဲ့သမိုင်းပေး တာဝန်ကို သူတို့ ပခုံးနဲ့ နိုင်သလောက် အစွမ်းကုန်ထမ်းနေကြတာပါ၊ အတင်းအဖျင်းနဲ့  အချိန်ကုန်နေသူတွေ ကိုယ့်ကိုယ်ကိုအရမ်းဘဲတိုင်းပြည်တာဝန်ထမ်းဆောင်နေပါပြီ ပြောပြီး ကိုယ့်ကိုယ်ကို အထက်ကဆိုခဲ့တဲ့ နိုင်ငံရဲ့သားကောင်းသမီးကောင်းရတနာတွေနဲ့  တတန်း တစားတည်းလို့ တွေးထင်ပြီးသွေးနထင်ရောက်နေသူတွေနဲ့ လားလားမှမဆိုင်ပါဘူး၊ သူတို့  ရဲ့ဦးဏှောက်မှာ အနှစ်အသားမပါတဲ့အတွေးကို လက်ခံဖို့ နေရာလည်းရှိမယ်မထင်ပါဘူး၊ အဲဒီ ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဒေါ်အောင်ဆန်းစုကြည်တယောက်လွဲလို့ ကျန်သူတွေဟာ အားလုံး ဟာသာမန်ဘ၀ကလာခဲ့သူတွေချည်းပါဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ဂျပန်ခေတ်က ပြေးရင်းလွှားရင်းနဲ့ ဧရာဝတီတိုင်းကကျေးလက်တောရွာတခုမှာ မွေးဖွါးခဲ့ရတယ်လို့ သူမရဲ့  ကိုယ်ရေးမှတ်တမ်းတွေမှာဖတ်ဖူးတယ်၊
ဒီခေတ်အနုပညာလောကရဲ့အအောင်မြင်ဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး နေရာစုံမှာ မှတ်တိုင်စိုက်ထိုးနိုင်သူကိုပြပါဆိုရင် ကိုကျော်။ ဦးကျော် (သို့ မဟုတ်) ကျော်ဟိန်းလို့ ဘဲ အဆိုပြုလိုက်တယ်၊ သူပေါ်ခါစ (၁၉၇၀)၀န်းကျင်လောက်က လမ်းသရဲလို့ တမျိုး သရုပ်ပျက် လို့ တဖုံ စုံတကာစေ့အောင်ဝေဖန်ကဲ့ရဲ့ရှုတ်ချခြင်းကိုခံခဲ့ရတယ်၊ အဲဒီအဆိုးလောကဓံတရား များနဲ့ အတူ အခြားတဘက်ကခေတ်ရဲ့တောင်းဆိုချက်အရ တခဲနက်လက်ခံသော မျိုးဆက် သစ်မြို့ ပြပရိသတ်ရဲ့ လက်ခုပ်သြဘာသံနဲ့ အတူ အနှစ်(၄၀)၀န်းကျင်အနုပညာခရီးရှည်ကို အောင်မြင်မှုပန်းတိုင်မျိုးစုံကို စိုက်ထူနိုင်ခဲ့တာအားလုံးအသိပါ၊
(ဃ)
တကယ်တော့”ရခိုင်မုန်တီဖတ်လေးတွေမုန့် တီမျှင်လေးတွေ”ဟာ သေးသေးမျှင်မျှင် လေးတွေ၊ ပျော့ပျော့အိအိလေးတွေ၊ ထိလိုက်ရင်အပြတ်လွယ်တဲ့အရာတွေပါ၊ ဒါပေမဲ့ မြန်မာ နိုင်ငံအ၀ှမ်းက ပူပူစပ်စပ်နဲ့ အာပူလျှာပူသောက်ချင်သူတွေအတွက်တော့ စွဲမက်စရာသွားရည် စာတခုဖြစ်ခဲ့ရတယ်၊ အနှစ်သုံးဆယ်ကျော်အတွင်းမှာ နိုင်ငံကျော်ဖြစ်သွားခဲ့ရတဲ့ မုန့် တီဖတ် မုန့် တီမျှင်ကလေးတွေထက် အဆများစွာသာတဲ့ ညာဏ်ဦးနှောကိုပိုင်ဆိုင်ထားကြတဲ့ ကျနော် တို့ တတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေလို ကြီးမြတ်တဲ့အရာတွေကို မလုပ်နိုင်သော်ငြား တဦး ချင်းစီကကိုယ်ကျရာနေရာမှာ အကောင်းဆုံးတွေကိုဖန်တီးနိုင်တယ်ဆိုရင်ဘဲ အတိုင်းထက်အ လွန် တံခွန်နဲ့ ကုက္ကားပါ၊ တဦးချင်းစီသူ့ နေရာနှင့်သူ ထူးချွန်ထက်မြက်ပြောင်မြောက်နေပါက ”ကျနော်တို့ တွေရဲ့ သမိုင်းဟာမရိုင်းလောက်ဘူးလို့ ”ယုံတယ်၊ တကယ်တော့”လူမျိုးတမျိုး ဆိုးတယ်လဲမရှိဘူး။ လူမျိုးတမျိုးကောင်းတယ်လဲမရှိဘူး”။ ”လူတော်တွေ။ လူကောင်းတွေ ဦးဆောင်ခွင့်ရတဲ့တိုင်းပြည် လူ့ အသိုင်းအ၀ိုင်းက လူ့ လောကကိုအလှဆင်နိုင်သလို တိုင်းပြည် နဲ့ လူမျိုးအတွက်လှပသောအနာဂတ်ကို လက်ဆောင်ပေးခဲ့မှာပါဘဲ၊ တနေ့ တော့ စာဖတ်သူ ခင်ဗျားတို့ ကို ကျနော်တို့ ရဲ့ ရခိုင်ပြည်ကပင်လယ်ကမ်းခြေမှာ မုန့် တီနဲ့ တည်ခင်းဧည့်ခံခွင့် ကြုံချင်ပါတယ်၊ အင်းလျားကန်ဘောင်မှာစားရတထက် ပိုအရသာရှိမယ်ထင်တာဘဲ၊
No comments:
Post a Comment