Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, December 31, 2008

“မဲဆောက်လမ်းများ”

ဘစောတင်


သောင်ရင်းမြစ်ဒီဘက်ကမ်းက မဲဆောက်လမ်းတွေဟာ
ဒဏ်ရာတွေနဲ့ ချုပ်ထားတဲ့ရင်ဘတ်တွေကို
အမာရွတ်အထပ်ထပ်နဲ့ ဆေးချယ်ပေးခဲ့
ရေးတေးတေးမှုန်ဝါးဝါး
အနာဂတ်တံတားတစင်းဟာ
မြ၀တီမှာအနားသတ်ချင်တယ်၊

ဒါဟာထိုင်းမြို့ တဲ့လား မယုံချင်စရာ
နေရာအနှံ့ အပြားမှာ လေးဖြူရဲ့ပေါက်ကွဲသံတွေ
စိုင်းစိုင်းခမ်းလှိုင်ရဲ့ဟစ်(ပ်)ဟော(ပ်)့တွေနဲ့ 
မြန်မာတွေရင်ခုန်နေတဲ့မြို့ ဟာ
ထိုင်းမြို့ တဲ့လား၊

ထိုင်းစီးပွါးရေးအတွက်
မြန်မာ့ချွေးတွေ တသွင်သွင်စီးဆင်းနေကြ
မဲဆောက်လမ်းပေါ်မှာ၊

မြန်မာ့လွတ်လပ်ရေးအတွက်
ဘ၀တွေကိုစတေးပစ်နေကြ
မဲဆောက်လမ်းပေါ်မှာ၊

အနာဂတ်ကိုတို့ ပိုင်တယ်ဆိုတဲ့ယုံကြည်ချက်တွေနဲ့ 
ခရီးရှည်ကြီးကိုချီတက်နေကြ
မဲဆောက်လမ်းပေါ်မှာ၊

ဒီဘက်ကမ်းမှာ လျှပ်စစ်မီးတွေလင်းထိန်လို့ 
ဟိုဘက်ကမ်းကမ်းမှာတော့ အရာရာတွေဟာ မှေးမှိန်လို့ 
အကြိမ်တရာဆုတောင်းခဲ့တာတောင်
အမှောင်ထုကဆက်ကြီးစိုးနေဆဲ၊

ထိုင်းဘက်ခြမ်းက ဝေဒနာတွေ
နှစ်ထပ်အချုပ်မှာကပည်းတင်တယ၊်
ဇိမ်ခန်းတွေမှာမှတ်တမ်းတင်တယ်၊
ရဲလိုက်ဖမ်းလို့ ပြေးရတဲ့ ဖိနပ်ပါးပါးတွေဟာ
မျက်ရည်စိုရွဲလို့ 
အဲဒီမဲဆောက်လမ်းပေါ်မှာ၊

အကျဉ်းထောင်နံရံတွေကို ရွံမုန်းမိမှ
အကျယ်ထောင်မှာနားခိုကြရတဲ့ဘ၀တွေ၊

သမိုင်းသစ်အတွက်သွေးနဲ့ ရေးမယ်ဆုံးဖြတ်ပြီးမှ
သွေးပျက်သွားတဲ့ဇာတ်ဝင်ခန်းတွေ၊

အသားထဲကလောက်ထွက်ပြီး
အဲဒီလောက်ကောင်တွေရဲ့စားသုံးခြင်းခံရတဲ့ဘ၀တွေ။
အဲဒါတွေအားလုံးမဲဆောက်သိတယ်၊

တောက်ပတဲ့နေရောင်ခြည်အောက်မှာ
လမ်းပျောက်နေတဲ့ ကြေကွဲဖွယ်ဘ၀များ
လဲပြိုမှုများ
စကားလုံးနဲ့ ဖွင့်ဆိုလို့ မရတဲ့အထိအရှများ
ဒုက္ခဆိုတဲ့ကြိုးတချောင်းကိုမှ
မက်မက်စက်စက်တွယ်ဖက်နေရမှုများ
ခါးသည်းမှုတွေတောင်မှ အချိန်ကြာလာတဲ့အခါ
ချိုတယ်လို့ ဖြစ်သွားကြတာများ
အဲဒီအရာအားလုံးဟာ
မဲဆောက်မြို့ ကမြန်မာပြခန်းတွေဘဲပေါ့၊

မဲဆောက်လမ်းတွေပေါ်မှာ
အရာရာဖြစ်နိုင်တယ်၊
အဲဒီအရာရာဟာ
အခါခါပြန်တည်ဆောက်ချင်တဲ့အိပ်မက်ထဲကထီးနန်းတွေ
တော်ဝင်ပန်းခင်းထဲက ရင်ခုန်လှိုင်းသစ်တွေ၊

ရန်ကုန်မြို့ ကြီးဟာ ငါ့ရင်မှာလောင်ကျွှမ်းလလို့ 
ဧရာဝတီမြစ်ကြီးဟာငါ့ရင်မှာပြောင်းပြန်စီးလို့ 
အနောက်ရိုးမဟာရင်မှာချိတ်ဆွဲလို့ 
ဒါတွေအားလုံးကို ကြောပိုးအိတ်ထဲထည့်ပြီး
မဲဆောက်လမ်းမပေါ်မှာ
ငါရှိနေတယ်၊

1 comment:

မင်းဒင် said...

အော် ..
ိုကိုရင်တယောက်တည်း များမှတ်နေရော့သလား။
ရင်ကိုဖွင့်ပြချင်စမ်းပါဘိတယ်။
ယာယီ၊ မှီခို ဇိမ်ခံနန်းတော်ပေါ်ကနေ အမေ့ယာခင်းကို လှမ်းမျှော်နေရသူရဲ့ နှလုံးသားဟာလည်း ကိုရင့်လို မိတ်အင်ဘားမားပါပဲ ။

မင်းဒင်