ဘစောတင်
အားနည်းချက်များစွာနဲ့ 
ငါတို့ ကိုမွေးဖွါးခဲ့
ဘ၀ရဲ့မွေးနေ့ လက်ဆောင်ဟာ
အနာဂတ်မွတ်သိပ်ခြင်းတွေလေ၊
အမေ့ရဲ့သိုက်မြုံက
ယုံကြည်ချက်တောင်ပံတစုံနှင့်
အရုဏ်သစ်များတည်ဆောက်ဖို့ 
နိုးကြားစွာရုန်းထခဲ့
ပင်လယ်ပြင်ရဲ့အမြင့်ဆီ၊
ရာသီလေ
ကြေကွဲဘွယ်အရင်းအနှီး
အထီးကျန်ရပ်တည်မှု
ဒါတွေနဲ့ ထုဆစ်ပြီး
ဘ၀ရဲ့သစ္စာတရားကို
ကျစ်လျစ်စွာဖွဲ့ ဆိုရင်း
ပြင်းထန်မှုများနဲ့ ယဉ်ပါး
မုသားရဲ့အတွင်းစာမျက်နှာကို
ရှင်းလင်းစွာနားလည်တတ်ခဲ့ပြီ၊
အမြင့်ကိုပျံရင်း
နာကျင်ခြင်းများနဲ့ ရစ်ဖွဲ့ 
ငါရဲ့တောင်ပံလည်းရင့်ကျက်ခဲ့၊
အခက်အခဲများကိုဝါးမြိုရင်း
နုပျိုတဲ့နှလုံးအိမ်လည်း
တည်ငြိမ်တဲ့သွေးသစ်နှင့်
ဆင်ခြင်မှုပဲ့ကိုင်ဦးဏှောက်ကို
တည်ဆောက်ပြီးစီးခဲ့ပြီ၊
မွတ်သိပ်ခြင်းအနာဂတ်အတွက်
တက်ကြွသောတောင်ပံဖြင့်
လေဆန်ဖြတ်သန်း
ကြမ်းတမ်းမှုဖြင့်တည်ဆောက်
မြင့်မားသောဦးဏှောက်ကိုပိုင်ဆိုင်ပြီးသည့်အခါ
ဇာတိသိုက်မြုံ
မလုံခြုံသေးတဲ့အိမ်ယာသို့ 
လိမ်မာသောငှက်များ
အင်အားအပြည့်နဲ့ 
ပြန်လာလေ့ရှိကြတယ်၊
Wednesday, December 31, 2008
Subscribe to:
Post Comments (Atom)



No comments:
Post a Comment