Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, May 28, 2009

ဆယ်ပြားနဲ့ ငါးပြားပေါင်းတော့ ဆယ်ငါးပြားဟေ နှင့် ကိုယ်ထူကိုယ်ထဒီမိုကရေစီ


ငယ်စဉ်က နာမည်ကြီး မယားနိုင်မင်း သီချင်းကို ဖျက်ဆိုထားသော စာပြောင်လေးဖြစ်သည်။ အဓိပ္ပါယ်ကို သေချာစဉ်းစားကြည့်ပါက ပေါင်းခြင်း နှုတ်ခြင်းကို ဆိုလိုရင်းမဟုတ်ဘဲ ရေထဲ ရေရော ၊ တူရာ တူရာဆိုသော အဓိပ္ပါယ်မျိုးဖြစ်ရာ မြန်မာစကားပုံများနှင့် နှိုင်းယှဉ်ပါက ဂျိုကုပ် ရှိရာ တယ်လူးလာ ၊ သူတော်ချင်းချင်းသီတင်းလွေ့လွေ့ စသည်ဖြင့် ဤသို့ အနက်သက်ရောက်သော စာပိုဒ်များ ထွက်လာ ပေလိမ့်မည်။ အကျိုးတရားတူ ဓာတ်တူ နာမ်တူ သဘောမျိုးဖြစ်ရာ ယခုဒေါ်အောင်ဆန်းစုကြည်၏ ဖြစ်ပျက်ပုံ နှင့် အတော်တူလေသည်။ နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင်ထဲသို့ ပြောင်းရွေ့ခံရရာ အကျိုးသွားမှာ နှောင်ဖွဲ့ထားခြင်းပင်ဖြစ်၍ နေရာ သာကွာတော့သည်။

သို့သော် ထူးမခြားနားထဲမှ ထူးခြားသည့် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။ စစ်တပ်၏ မဖွယ် မရာ လုပ်ရပ်များ၏ နောက်ဆက်တွဲမှာ ၎င်းတို့ အင်အားသုံးပြီး နေရာတကာလူလုံးပြနေရာ တစ်စုံတစ်ရာ တုန့်ပြန်လာမည်ကို စိုးရွံ့နေမှုကြောင့် ဖြစ်ကြောင်းသိသာလှပေသည်။ ၎င်းတို့၏ ထင်ရာစိုင်းမှုများအတွက် ကိုယ့်စိတ်ကိုယ် မလုံခြုံနိုင်ဘဲ စိုးတထင့်ထင့်နှင့် အရေးကြုံကြုံမကြုံကြုံ အချိန်ပြည့် အင်အား ပြသ သုံးစွဲနေမှု များအတွက် ဆန်ကျင်ဖက် ရလာဒ်များသာ ထွက်လာဖွယ်ရှိသည်။ ဒိုင်း ၊ လွှား ကိုင် စစ် ရဲ များကို နှလုံးနာလှ သော လူထုမှာ လက်နက်အားကိုး ဖိနှိပ်ချုပ်ချယ်မှုများကို မြင်လေလေ ပေါက်ကွဲမှုအတွက် တွန်းအား မြင့်လာလေလေဖြစ်သည်။

စေ့စေ့တွေးကြည့်ပါက အင်အားသုံးဖြေရှင်းခြင်း ၊ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခြင်း ၊ ပြည်သူ့ခေါင်းဆောင်ကို ကျိုးကြောင်းမဲ့ ချုပ်နှောင်ထားခြင်း ၊ လူထုဆန္ဒကို ထင်ဟပ်ပြသော လူထု၏ ရှေ့ဆောင်များကို မျက်မုန်းကျိုးပြီး ထောင်သွင်းခြင်းတို့ဖြင့် ၎င်းတို့၏ရပ်တည်ရေးအတွက် ကျားကန် ထားနေကြသည်မှာ ရှေ့ဆက် မည်မျှအထိ ခံနိုင်မည်နည်း။ ထိန်းထားနိုင်မည်နည်း ။ ရေကာတာ ကျိုးပေါက်သည်ကို ဖျာတစ်လိပ်ဖြင့် ပိတ်ဆို့ ရပါမည်လော။ တစ်နေ့နေ့ တစ်ရက်ရက် ရေကာတာ ကျိုးပေါက်သကဲ့သို့ ပေါက်ကွဲထွက်လာမည့် လူထု၏ အရှိန်အဟုန်ကို မည်သည့် နည်းနှင့်မှ ရေရှည် ထိန်းထား နိုင်မည် မဟုတ် ။ လူထု၏ ဆန္ဒကို လိုက်လျောခြင်းဖြင့်သာ ထွက်ပေါက်ရပေလိမ့်မည်။ သို့သော် ဤ ညစ်ကျယ်သည် ချစ်ဖွယ်ဖြစ်လာဖို့ အသိတရား ယခုအထိ မ၀င် ။

` ယနေ့ကမ္ဘာသည် ရေပြင် မြေပြင် ဝေဟင်သာ ဆက်စပ်နေသည်မဟုတ်၊ မမျှတမှု မတရားမှုတို့ကို လည်း ထောင့်အသီးသီးမှ အရှိန်အဟုန်ကြီးစွာ ဆန့်ကျင်လာကြရာ တရားလက်လွတ် စစ်ခေါင်းဆောင်များ စစ်အာဏာရှင်များ ကိုယ်ကျိုးရှာသမားများအတွက် သွေးပျက်စရာ ဖြစ်ပြီး လက်ရှိပေါင်းစည်းထားသော နိုင်ငံ စုများမှာ စည်းမျဉ်းစည်းကမ်းအရ တစ်နိုင်ငံအရေး ၀င်မစွက်ရသော်လည်း စွက်ဖက်ခြင်းမဟုတ်ဘဲ အနှုတ်လက္ခဏာ သက်ရောက်သွားစေနိုင်သည့် နည်းလမ်းပေါင်းများစွာရှိရာ မြန်မာစစ်တပ် အာဏာပိုင်တို့ ရှေ့များမကြာမီ အထီးကျန်လာပေတော့မည်။

ထိုသို့ဆိုလျှင် ပြည်တွင်းကို ရှက်ရမ်း ရမ်းပြီး ပို၍ ဖိနှိပ် ပို၍ချုပ်ချယ်လာမည်ဖြစ်ရာ လူထုမှာ ဒုက္ခတွင်း နက်သထက်နက်လာလျှင် တုန့်ပြန်ဖို့ ပို၍ အရှိန်မြင့်လာပေလိမ့်မည်။ ပိုဖိလေ ပိုကြွလေဖြစ်ပြီး နောက်ဆုံးလူထုအားလုံးလမ်းပေါ်ရောက်လာပြီး ရေကာတာ ကျိုးကျသကဲ့သို့ အရှိန်အဟုန်ဖြင့် လိမ့်လာပေ တော့မည်။

စစ်တပ်၏ ပစ္စုပ္ပန်လုပ်ရပ်သည် အနာဂါတ် ၎င်းတို့၏ ကံကြမ္မာကို ပုံကြမ်းဆွဲနေလေပြီ။

နေ့ရက်တို့သည် တစ်ရိပ်ရိပ်သွားနေသော မြန်နှုန်းမြင့် ရထားကြီးပမာ မြန်မာပြည်သူတို့၏ ကံကြမ္မာကို အချိန်ရထားကြီးပေါ်သို့ တင်ဆောင်ပြီး အရှိန်အဟုန်ပြင်းစွာ ထွက်ခွာနေလေပြီ။

အဓမ္မ၀ါဒီတို့၏ နင်းချေမွှခြင်းကို ခံစားရသော မြန်မာပြည်သူတို့၏ အနိုင်မခံသော ၊ လမ်းကြောင်းမှန် ပေါ်သို့ ရွှေ့နေသော စိတ်ဓတ်သည် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု မရနိုင်သော်လည်း အချိန်ရထားကြီး ခရီးစဉ်တစ်နေရာ ရောက်လာလျှင် ဒီမိုကရေစီနိုင်ငံတော်ကြီး မုချပေါ်ထွန်းလာပါ လိမ့်မည်။

ပစ္စုပ္ပန် လက်ရှိအချိန်သည် အသုံးချဖို့အတွက် အမြဲရှိနေရာ ဒီမိုကရေစီ အနှစ်သာရကို နားလည်၊ တည်ဆောက်ပြီး အမှန်တကယ် လက်တွေ့ကျကျ ကျင့်သုံးသွားမည်ဆိုပါက လက်နက်အားကိုးဖြင့် ဖိနှိပ်ထားသော အာဏာရှင်စနစ်၏ တရားမဲ့ခွန်အားသည် အမှန်လမ်းကြောင်းပေါ်မှ ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ ပြည်သူလူထုကြီး တစ်ရပ်လုံးကို ရေရှည်မည်သို့မျှထိန်းချုပ်နှိင်မည်မဟုတ်။

ညီညွတ်သော တရားလမ်းကြောင်းပေါ်မှ လူ့အဖွဲ့အစည်းကို မည်သည့် တရားမဲ့ဝါဒီတို့ ကြာရှည်ထိန်းချုပ်နိုင်မည်နည်း။

မြန်မာလူထု၏ စုပေါင်းစွမ်းအားဖြင့် ကိုယ်ထူကိုယ်ထဒီမိုကရေစီ ကို အမြန်ဆုံး တည်ဆောက် နိုင်ကြမည်ဆိုလျှင် ကိုယ့်အား ကိုယ့်သုံးပြီး မားမားမတ်မတ် ရှင်သန် ရပ်တည်နိုင်ပေလိမ့်မည်။

စစ်တပ်က မပေးသော ဒီမိုကရေစီကို ကိုယ်တိုင်ပြုစုပြီးကျင့်သုံးကြ ၊ လူတစ်ဦးချင်း တစ်ဦးချင်းမှသည် တစ်အုပ် ၊ တစ်ခိုင် ၊ တစ်နိုင်ငံလုံး ကိုယ်ထူကိုယ်ထ စုပေါင်းတည်ဆောက်ဖို့ စိတ်ဓါတ် မွေးမြူကြမည်ဆိုပါက ဆယ်ပြား ဆယ်ငါးပြားမှသည် ရာ ထောင် ကုဋေချီပေလိမ့်မည်။

မည်သူမပေးပေး ကိုယ်တိုင်မွေးယူသည့် ကိုယ်ထူ ကိုယ်ထ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ကြပါစို့။


ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: