Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, March 16, 2009

နေပြည်တော်မှအုပ်ချုပ်ပုံစံနစ်ဆိုး

(အဝေးရောက်သံတမန်တဦး)

(၁)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နအဖအဖွဲ့ဝင်များ
(၂)
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၃)
တွဲဘက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၄)
စစ်ရုံးချုပ်ရှိ စစ်ဗိုလ်(၄၅)ဦးအဖွဲ့
(၅)
တပ်ရင်းများနှင့် ဝန်ကြီးဌာနများ
(၆)
မှောင်ခိုစီးပွါးရေးသောင်းကျန်းသူများနှင့် လက်ဝေခံလုပ်ငန်းရှင်များ
(၇)
ကြံ့ဖွံ့နှင့်စွမ်းအားရှင်အဖွဲ့ဝင်များ
(၈)
နင်းပြားပြည်သူလူထု



၁၉၆၂ ခုနှစ်မှစတင်၍ စစ်အာဏာရှင်စနစ်သည် မြန်မာနိုင်ငံတော်တွင် ပေါ်ပေါက်လာခဲ့ပါသည်။ လက်ဦးပထမအစ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းသည် တပ်မတော်ကိုခုတုံးလုပ်ကာ အုပ်ချုပ်ခဲ့သော်ငြားလည်း အတော်အသင့်စားပွဲပေါ် ထိုင်တတ်ပြီး စည်းစနစ်အနည်းအပါးဖြင့် အုပ်ချုပ်ရေးအတတ်ပညာ အတော်အသင့်ကျွမ်းကျင်ကြသော စစ်ရုံးချုပ်ရှိ စစ်ရေးချုပ် စစ်ဥပဒေချုပ် စစ် ထောက်ချုပ်နှင့် စစ်ရာထူးခန့်ချုပ် စသောစစ်ဗိုလ်များကို ချောင်ထိုးကာ လက်မရွံ့လူသတ်သမားများနှင့် စစ်ထောက်လှမ်းရေးမှူးများကို သာ အမာခံထားပြီး နိုင်ငံတော်ကိုစိုးမိုးခြယ်လှယ်ခဲ့သည်ကိုသာ တွေ့ကြုံခဲ့ရပါသည်။ စာရေးသူသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးဖြစ်လာသော ဗိုလ်မှူးကြီး ခင်မောင်ဝင်း၏ စေလွှတ်ချက်အရ စစ်ရုံးချုပ်သို့သွားရောက်ပြီး ပစ္စည်းထောက်ပံ့ရေးနှင့် အုပ်ချုပ် ရေးပုံစံတချို့ကို သွားရောက်လေ့လာဘူးခဲ့ပါသည်။ စစ်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသူစစ်ဗိုလ်များသည် လစာဝင်ငွေမှအပ အခြား ဝင်ငွေမရှိကြ၍ ဆင်းရဲနွမ်းပါးကြကာ အရပ်ဘက်ဝန်ကြီးဌာနများနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကောင်စီဘက်တွင် တာဝန် ကျပြီး အသင့်အတင့်ပြေလည်နေကြသော အာဏာပိုင်များကို ဝေဖန်ပြစ်တင်သံများကြားဖူးခဲ့ပါသည်။ “ဒီအကောင်တွေ ဘယ်လောက် တတ်လို့ ဝန်ကြီးလုပ်နေတာလဲ၊ ဆယ်တန်းတောင်အောင်တဲ့အကောင်တွေမဟုတ်ဘူး။ တို့က ဥပဒေဘွဲ့ရခဲ့တာကွ၊ ဝိဇ္ဇာဘွဲ့ရခဲ့တာကွနှင့် သိပ္ပံဘွဲ့ရခဲ့တာကွဟု အပြောအဆိုများ ဝေဖန်သံများကိုလည်း ကြားဖူးခဲ့ပါသည်။ တက္ကသိုလ်ဘွဲ့ရ မာန်အောင်မြို့သား ဦးထွန်းလှိုင်သည် လည်း စစ်ရုံးချုပ်တွင် အရပ်သားစာရေးကြီးဝင်လုပ်နေပြီး စစ်ရုံးချုပ်ကစစ်ဗိုလ်တွေလောက် ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အစိုးရကို ဆဲဆိုဝေ ဖန်နေတာ ဘယ်နေရာမှာမှရှိမှာမဟုတ်ဘူးဟု ပြောပြဖူးပါသည်။



စစ်ရုံးချုပ်ကိုအမာခံထားသောနေပြည်တော်မှအုပ်ချုပ်ပုံ

ဗိုလ်ချုပ်ကြီးနေဝင်းတခေတ်လုံး အာဏာရှင်သည် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ယူနီဖောင်းချွတ်ဦးနေဝင်းသာဖြစ်ပါသည်။ ယခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်တွင်လည်း အာဏာရှင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တဦးတည်း သာဖြစ်ပါဝသည်။ သို့ရာတွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် စစ်တပ်အားလုံးကို စန်စတကျမအုပ်ချုပ်နိုင်ခဲ့သလို စစ်ဗိုလ်အားလုံး အကျင့်စာ ရိတ္တ ပျက်အောင် အခွင့်အလမ်းမပေးခဲ့ပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်တွင် သူကိုယ်တိုင် အကျင့်စာရိတ္တပျက်ကာ ကုဋေကြွယ်သူဌေး ကြီးဖြစ်နေရုံသာမက စစ်ဗိုလ်အားလုံးနီးပါး အကျင့်စာရိတ္တပျက်ပြားကာ ငွေရှင်ကြေးရှင်များ ဖြစ်နေကြပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် တပ်ချုပ်ကြီးပီသစွာ တပ်ကိုဦးနေဝင်းထက် ပို၍ချုပ်ကိုင်ထားနိုင်ပါသည်။ တပ်ချုပ်ကြီး၏ နေပြည်တော်မှအုပ်ချုပ်ပုံစံနစ်ဆိုးကြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နင်းပြားပြည်သူလူထုအထိ အဆင့်ရှစ်ဆင့်ရှိရာတွင် အဆင့်လေးတွင်ရှိသော စစ်ရုံးချုပ် (္တမေ ဉ်ငခန)ကို ဗဟိုထားပြီး အုပ်ချုပ်ပုံကတော့ တမူထူးခြားလှပါသည်။

တပ်ချုပ်ကြီး၏ငယ်ကျွန်အမာခံလက်မရွံ့အာဏာသားများ

တပ်မတော်ကြည်းတပ်ကို အခြေခံပြီး တပ်မတော်ရေတပ်နှင့် တပ်မတော်လေတပ်ကို အရံထားကာဖွဲ့စည်းထားသော ကြည်း ရေ လေမှ စစ်ဗိုလ်(၄၅)ဦးသည် ယနေ့တပ်ချုပ်ကြီး၏ အမာခံလက်မရွံ့အာဏာသားများ ဖြစ်နေကြပါသည်။ တိုင်းပြည်၏ အရေးအရာဟူ သမျှကို အချိန်ပြည့်စက္ကန့်မခြား နာရီမလပ် လှုပ်ရှားစီမံဆောင်ရွက်နေပါသည်။ ယင်းသည် ခိုးသားစစ်ဗိုလ်ချုပ်များ၏ ပါလီမန်လည်း ဖြစ် ပါသည်။ စစ်ဗိုလ်(၄၅)ဦး၏ နေ့စဉ်လုပ်ဆောင်ချက်များကို တွဲဘက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရရွှေမန်းမှတဆင့် ဒု တိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးထံတင်ပြရပါသည်။ မောင်အေးမှတဆင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်ကိုယူရပါသည်။ ရွှေဝါရောင် သံဃာတော်များ အရေးတော်ပုံကာလက ဘုရားသားတော် သံဃာတော် များကို မျက်ရည်ယိုဗုံးဖြင့်လူစုခွဲမလား။ စက်သေနတ်ဖြင့် ပစ်သတ်ရမလား။ ဟာသဝိဇ္ဇာ ကိုဇာဂနာကို ထောင်ဘယ်နှစ်နှစ်ချရမလဲကအ စ အားလုံးသည် တပ်ချုပ်ကြီး သန်းရွှေ လက်မှတ်ထိုးပြီးမှ အကောင်အထည်ဖော်ကြရပါသည်။ ရာထူးအတက်အကျ အပြောင်းအရွှေ့က အစ အစစအရာရာကို စစ်ဗိုလ်(၄၅)ဦးအဖွဲ့ကတဆင့်သာ ဆောင်းရွက်လျှက်ရှိပါသည်။

လက်မရွံ့အာဏာသားစစ်ဗိုလ်(၄၅)ဥိး၏ဝင်ငွေရရှိပုံ

ဗိုလ်ချုပ်ကြီးနေဝင်းခေတ်တွင် စစ်ရုံးချုပ်ကစစ်ဗိုလ်များသည် လစာဝင်ငွေဖြင့်မလုံလောက်ပါက စစ်ဝတ်စုံဝတ်ပြီး မော်လမြိုင်မြို့ ဘက်သို့ရထားစီး ကားစီး သင်္ဘောစီးပြီး တပိုင်တနိုင် မှောင်ခိုပစ္စည်းများကိုသယ်ရောင်ပြီး မိသားစုအတွက် မျက်နှာပြောင်တိုက်ခဲ့ရပါ သည်။
ယခုခေတ်တွင် တပ်ရင်းမှူးဘဝက ဗျူဟာမှူးဖြစ်လိုပါက စစ်ရုံးချုပ်သို့ ကျပ်ငွေသိန်းငါးရာ ခြောက်ရာ ပူဇော်ပသရပါသည်။ ဗျူ ဟာမှူးဘဝက တိုင်းမှူးဘဝကိုကူးပြောင်းလိုပါက စစ်ရုံးချုပ်သို့ ကျပ်ငွေသိန်းတထောင် တထောင့်ငါးရာမှသည် သိန်းနှစ်ထောင် စသဖြင့် ပူဇော်ပသကြရပါသည်။
စစ်ဗိုလ်များ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယ ဝန်ကြီးများနှင့် ဝန်ကြီးများဖြစ်လိုပါကလည်း စားသာသောဝန်ကြီးဌာနနှင့် မစားသာသောဝန်ကြီးဌာနအလိုက် ကျပ်ငွေသိန်းပေါင်း ရာနှင့်ထောင်နှင့်ချီ၍ပေးကြရပါသည်။ ရာထူးမရခင်ပေးမလား။ ရာထူးရပြီးမှပေးမ လား။ လစဉ်အရစ်ကျပေးမလား။ ပေး၍ရပါသည်။ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်လိုသူများအား ပွဲစားများကငွေညှစ်ထုတ်ပုံမျိုးနှင့် တ ထပ်တည်းပုံစံတူပါသည်။ တပ်ရင်းမှူး စစ်ဗိုလ်များသည်လည်း မှောင်ခိုစီးပွါးရေးသောင်းကျန်းသူများကို မွေးထားရပါသည်။ ဝန်ကြီးများနှင့် ဗိုလ်ချုပ်ကြီးများသည်လည်း လက်ဝေခံလုပ်ငန်းရှင်များကို မွေးထားရပါသည်။
မှောင်ခိုလုပ်ငန်းလုပ်၍ လွယ်ကူသောနယ်များတွင် တာဝန်ကျသောတပ်ရင်းမှူးသည် စစ်ရုံးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီးများကို များများပူဇော်ပသပေးနိုင်၍ ဗျူဟာမှူး တိုင်းမှူး ရာထူးများကို မြန်မြန်ဆန်ဆန်ရရှိကြပါသည်။ တပ်ရင်းမှူးများနှင့် ဝန်ကြီးများသည် လည်း ပေးနိုင်သူကိုတမျိုး မပေးနိုင်သူကိုတမျိုး အထက်ဗဟိုစစ်ရုံးချုပ်က ဆက်ဆံပုံစာရေးသူထက် ပိုမို၍သိရှိလျှက်ရှိနေကြပါသည်။ “အ ရှင်မွေးလျှင် နေ့ချင်းညချင်းကြီးသော ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ကကဲ့သို့ ယခုအခါ အရှင်မွေးရုံဖြင့် နေ့ချင်းညချင်းမကြီးတော့ပါ။ ငွေက သာလျှင် ရာထူးတိုးပွါး အာဏာများများ လက်ဝယ်ရနိုင်သောခေတ် ဖြစ်နေပါသည်။” “ငွေသာပဓါန နေပြည်တော်လာလျှင်ငွေပါမှ” ဆောင်ပုဒ်သည် စစ်ရုံးချုပ်၏ဆောင်ပုဒ်ပင်ဖြစ်ပါသည်။

နေပြည်တော်မှအုပ်ချုပ်ပုံစနစ်ဆိုးပုံပေါ်လောက်ပါပြီ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အဆင့်ဆင့်နင်းပြားပြည်သူလူထုအထိ အဆင့်ရှစ်ဆင့်ရှိရာတွင် အဆင့်လေးရှိ စစ်ရုံးချုပ်မှ စစ်ဗိုလ်(၄၅)ဦးအဖွဲ့ကိုဗဟိုပြုကာ ပြည်သူလူထု၏ချွေးနှဲစာဖြင့် တိုင်းပြည်ကာကွယ်ရေးအတွက် ဖွဲ့စည်းထားသောတပ်မတော်ကြီးကို ခု တုံးလုပ်ကာ ရိုက်စား ခိုးစား ဝှက်စားနေပုံသည် ပုံပေါ်လောက်ပါပြီ။ အများတကာနားလည်လောက်ပါပြီ။ ၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲ ကြီးပြီးပါကလည်း နိုင်ငံတော်ကို ယခုနေပြည်တော်မှအုပ်ချုပ်ပုံစနစ်ဆိုးအတိုင်း တပြားသားမျှအလျှော့၍ အုပ်ချုပ်မည်မဟုတ်ပါ။ ရွေး ကောက်ပွဲအရ တရားဝင်ဖြစ်ပေါ်လာသည်ဟု ဘဝင်မြင့်ကာ စစ်ဗိုလ်ဆိုးများစိုးမိုးချယ်လှယ်မှုသည် ပိုမို၍သာဆိုးရွားလာမည်သာ ဖြစ်ပါ သည်။

နေပြည်တော်မှအုပ်ချုပ်ပုံစနစ်ဆိုးများပျက်ပြားရေးတို့အရေး

မြန်မာနိုင်ငံ၏ အလယ်ဗဟိုဖြစ်သော ကြပ်ပြေးအရပ်တွင် နေပြည်တော်ကို ပထမတည်ထောင်ပါသည်၊ အလယ်ဗဟိုကျသော စစ်ရုံးချုပ်ကိခုတုံးလုပ်ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စိုးမိုးချယ်လှယ်နေပါသည်။ လေတပ်မတော်မှ အငြိမ်းစား ဗိုလ်မှူးကြီးတဦး၏ အကြံအညဏ်ကတော့ “တာလတ်ပစ် ဒုံးကျည် ဆယ့်လေးငါးလုံးလောက်ဖြင့် နေပြည်တော်ကိုထုနိုင်လျှင်သာ အမျိုးသားပြန်လည်သင့် မြတ်မည့် တွေ့ဆုံဆွေးနွေးရေးပုံစံမျိုး ဖြစ်လာနိုင်ချေရှိသည်”ဟု ဆိုပါသည်။ တနေ့နေ့ တချိန်ချိန်တွင် ဒုံးကျည်ဖြင့်ထုမည့်သူလည်း ပေါ် ပေါက်လာလိမ္မည်ဟုလည်း တပ်ချုပ်ကြီးသန်းရွှေက ယုံကြည်ကာ မြေအောက်ဗုံးခိုကျင်းများလည်း နေပြည်တော်တွင် တည်ဆောက်ထား သည်ဟု ဆိုပါသည်။ တပ်ချုပ်ကြီး သန်းရွှေခေတ်တွင် တပ်ရင်းမှူးကအစ တပ်မတော်စစ်ဗိုလ်အမြောက်အများသည် အကျင့်စာရိတ္တ အလွန်ပျက်စီး လျှက်ရှိနေပါသည်။
အချုပ်ဆိုရသော် အကျင့်ပျက်နေသောတပ်မတော်သည် နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးကို ဦးဆောင်ဦးရွက်ပြုနိုင်သော အ ခန်းကဏ္ဍတွင် လုံးဝမရှိတော့ပါကြောင်း တင်ပြအပ်ပါသည်။

ပြန်ခေါက်ထားရန်

No comments: