


သေကံမှလွတ်မြောက်ခဲ့သည့်စီရော်နယ်ဒို
မန်ယူအသင်း၏ တောင်ပံကစားသမား စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ကြာသပတေးနေ့၊ (8-1-2009)နေ့လည်ပိုင်းက ပြင်းထန်သည့် ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်း ဖြစ်ရပ်တွင် စီရော်နယ်ဒို၏ ဖာရာရီကားမှာ ပျက်စီး သွားခဲ့သော်လည်း ၎င်းမှာမူ ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
စီရော်နယ်ဒိုသည် မန်ချက်စတာလေဆိပ်အနီး A-538 လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားမှာ လမ်းဘေးနံရံနှင့် တိုက်မိကာ အရှေ့ပိုင်း တစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်းလည်းသိရသည်။ ယာဉ်တိုက်မှု ဖြစ်ပွားချိန်မှာနံနက်(၁၀)နာရီ ဝန်ကျင်းခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (၁၀)နာရီ(၂၀)မိနစ်တွင် ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် ၎င်း၏ကားကို ကရိန်းနှင့် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့မှ ထုတ်ပြန်ရာ၌ ယင်းယာဉ်တိုက်မှုတွင် စီရော်နယ်ဒိုအနေဖြင့် ခွင့်ပြုထားသည့်နှုန်းထက် ပိုမို အရှိန်မြှင့်မောင်းနှင်ခြင်းရှိ၊ မရှိကို စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။
စီရော်နယ်ဒို ယာဉ် မတော်တဆမှု ဖြစ်ပွားချိန်တွင် ၎င်း၏ မန်ယူ အသင်းဖော် တစ်ဦးဖြစ်သူ ဗန်ဒါးဆားမှာလည်း ၎င်း၏ဘန်တလေကား နှင့်အတူ စီရော်နယ်ဒို၏ ကားနောက်၌ အတူ ပါလာခဲ့ကြောင်း သိရသည်။ စီရော်နယ်ဒို၏ ယာဉ် မတော်တဆဖြစ်ချိန်တွင် ဂိုးသမားဗန်ဒါဆားမှာ စီရိုနော်ဒို၏ကားနောက်မှ ကပ်ပါလာသဖြင့် စိုးရိမ်ကြီးစွာဖြင့် ချက်ချင်းဆွဲထုတ်ခဲ့သော်လည်း စီရော်နယ်ဒိုမှာ ပြင်းထန်သော ထိခိုက်ဒက်ရာမရရှိခဲ့ပေ။ ယင်းအမှုနှင့် ပတ်သက်၍ မန်ယူ အသင်းမှလည်း ထုတ်ပြန်ကြေငြာမှုများပြုလုပ်ခဲ့ပြီး စီရော်နယ်ဒို ယာဉ်မတော်တဆမှု ဖြစ်ပွားသည်ဆိုခြင်းမှာ အမှန်ပင် ဖြစ်ကြောင်း၊ ၎င်း၏ ကားမှာ ပျက်စီး သွားခဲ့သော်လည်း စီရော်နယ်ဒိုမှမူ ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း၊ သူသည် မန်ယူအသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များကို ပုံမှန်အတိုင်းဆက်လက်ပြုလုပ်သွားခဲ့ကြောင်း ဖော်ပြသွားခဲ့သည်။
စီရော်နယ်ဒို၏ကားနှင့် အတူစီးနင်းလာသည့် ၎င်း၏မိတ်ဆွေဖြစ်သူ ဂျိုဒီလိုမက်စ်ကမူ ကားသည် လမ်းဘေးနံရံနှင့် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်ဖြစ်ချင်း ၎င်းသည် အလွန် ထိတ်လန့် သွားခဲ့သော်လည်း စီရော်နယ်ဒိုမှာမူပုံမှန်သာဖြစ်ကြောင်းနှင့် ဘယ်ဘက်ဘီးမှာ ကျွတ်ထွက်ကာ ကိုက်(၂၀၀)ခန့် လွင့်ထွက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
No comments:
Post a Comment