ရခိုင်အမျိုးသား သတင်းစာဟူသော အမည်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်ကာ ထုတ်ဝေ လာခဲ့သည်မှာ ၂၀၀၉ခုနှစ် ဇန်န၀ါရီဆိုလျှင်(၂)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပေပြီ။ ရခိုင်အမျိုးသားသတင်းစာဟူသော အမည်နာမကို အသုံးပြုရန်ု ဆရာကြီး ဒေါက်တာအေးကျော်နှင့် အယ်ဒီတာဖြစ်သူတို့(၂၀၀၆)ခုနှစ်အတွင်း အချိန်ယူကာ တိုင်ပင်ညှိနှိုင်းပြီး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုနှစ်နှစ်တာကာလအတွင်း ဤသတင်းစာ ပုံမှန် ထုတ်ဝေနိုင်ရန် မျှော်လင့်ထားသော အခက်အခဲများ မထင်မှတ်ထားသော ပြသနာများစွာကို ရှောင်တိမ်းနိုင်စွမ်းမရှိဘဲ ဖြတ်သန်းတွေ့ကြုံ ခဲ့ရပေသည်။ သြဘာပေးကြသော အမာခံပရိသတ်များ၏ လက်ခုပ်သံများကို ကြည်နူးစွာ လက်ခံရရှိခဲ့သကဲ့သို့ အမြင်မတူသူများ၏ ရန်ကိုလည်းရင်ဆိုင်ခဲ့ရဖူးလေသည်၊ နည်းပညာနှင့်ငွေကြေး မပြည့်စုံ ရသည့်အထဲတွင် အမနာပ ကြမ်းတမ်းသော စကားများနှင့် ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီး လုပ်ခဲ့သူများကိုလည်း ကြုံခဲ့ရသည်၊ မည်သို့ ပင်ဖြစ်စေကာမူ ယခုအခါ(၂)နှစ်သားအရွယ်ကို ရောက်ရှိလာပြီးဖြစ်သည့် ရခိုင်အမျိုးသားသတင်းစာသည် စတင်တည်ထောင်သူများ၏ ရည်ရွယ်ရင်းဖြစ်သော ဖွံ့ဖြိုးတိုးတက်သောလူမျိုးတိုင်းတွင် သတင်းစာရှိကြသည့်နည်းတူ ကျနော်တို့လူမျိုးတွင်လည်း သတင်းစာ တစောင်တော့ရှိသင့်သည်ဟူသော စေတနာသည် အမြစ်တွယ်စ ပြုခဲ့ပြီဖြစ်ကြောင်း အခိုင်အမာ ယုံကြည်မိပေသည်။ ထို့ကြောင့်တဆင့်တက် စမ်းသပ်သည့်အနေဖြင့် ရခိုင်အမျိုးသားသတင်းစာကို အင်တာနက် စာမျက်နှာပေါ်သို့  ခြေလှမ်းသစ်စတင်လိုက်ခြင်း ဖြစ်သည်။
အင်တာနက် စာမျက်နှာတွင် အကြံဥာဏ်ကောင်းများဖြင့် စေတနာသန့်စွာ လက်တွဲဝန်းရံမည့် သူများရှိသကဲ့သို့ ပြဿနာမျိုးစုံ ပေါ်လာနိုင်သည်ကိုလည်း ကြိုတင်မျှော်လင့်ပြီး ဖြစ်ပေသည်၊ ကျနော်တို့တင်ကြိုပြောနိုင်သည်ကား ဤစာမျက်နှာမှရရှိသည့် အကြံဥာဏ်ကောင်းများကို ခံယူလိုက်နာကျင့်သုံးသွားမည်ဖြစ်ပေသည်၊ ထို့ပြင် ရခိုင်အမျိုးသားသတင်းစာသည် အဖိနှိပ်ခံမြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူတရပ်လုံးအတွက် ယုံကြည်စွာ အားကိုးဖတ်ရှုနိုင်သည့် သတင်းစာတစောင် ဖြစ်မြောက်အောင် ကြိုးပမ်းရန်ရည်ရွယ်ချက် ရှိသည့်အားလျော်စွာ ရခိုင်လူမျိုးများနှင့် ဆိုင်သောသတင်းများသာမက အခြားသောတိုင်းရင်းသားလူမျိုးများ၏ သတင်းအဖုံဖုံကိုပါ တင်ဆက်နိုင်ရန်အတွက် သတင်းများ ဆောင်းပါးများ ဓါတ်ပုံများကို ဝိုင်းဝန်း ကူညီ ပေးပို့ကြပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်၊
အထူးသဖြင့် ဤသတင်းစာ စတင်ချိန်မှ ယနေ့ထက်တိုင် ငွေအား လူအား အကြံဥာဏ်အား ဖြင့်ကူညီခဲ့ကြသူများ ၊ ဖတ်ရှုအားပေးခဲ့ကြသူများအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တူညီသောရည်ရွယ်ချက် ဦးတည်ချက်များဖြင့် လက်တွဲကူညီအားပေးမှုများကို ၀မ်းပန်းတသာ ကမ်းလင့်ကြိုဆိုပါကြောင်း ဖော်ပြအပ်ပါသည်၊

No comments:
Post a Comment