Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, March 12, 2009

ကြိုးပြတ်နေသောထင်းချောင်းများ

အရာရာတိုင်းတွင် အောင်မြင်ခြင်း ဆုတ်ယုတ်ခြင်းသည် အလကား သူ့ဘာသာသူ ဖြစ်ပွါးနေသည်တော့ မဟုတ်ကြ။ အကျိုးနှင့်အကြောင်း အဆက်အစပ်ရှိရှိ ဟာမိုနီကျကျ ဖြစ်ပျက် နေသည်သာ။

ကျနော်တို့ငယ်ငယ်က “စည်းလုံးခြင်းသည်အင်အား” ဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်သည့်ဥပမာကို အဖိုးအိုတယောက်က သူ၏မြေးအား ထင်းချောင်းတချောင်းတည်းဆိုပါက အလွယ်တကူ ချိုးဖျက်နိုင်ကြောင်း ထင်းချောင်းများကို စည်းနှောင်ထားက အလွယ်တကူ ချိုးဖျက်၍ မရကြောင်း ချိုးဖျက်ရန်ပင် မဖြစ်နိုင်ကြောင်း သင် ယူခဲ့ရပေသည်။ ယင်းဥပမာသည် ကျနော်တို့ဘဝများထဲမှ အရိုးရှင်းဆုံး ဥပမာဖြစ်၍ လွယ်လင့်တကူ သိသာ မြင်သာခဲ့သည်။ ကျနော်တို့မြင်သည်ကား ကျိုးလွယ်သော ထင်းချောင်းကလေးနှင့် ချိုးဖျက်မရသော ထင်းစည်းကို သာ။ ယင်းထင်းချောင်းကို ချည်နှောင်သောကြိုးဆိုသည်ကိုကား အသေအချာ မသင်ခဲ့ကြရ။

ယင်းကြောင့်ပင်ထင်၏။ ကျနော်တို့သည် ကျိုးလွယ်သောထင်းအဖြစ်သာ အလွယ်တကူ ဘဝကိုဖြတ်သန်း ခဲ့ကြသည်။ ဘဝကို စနစ်တကျ ချည်နှောင်ပေးမည့်ကြိုးကို မကျစ်ခဲ့ကြ။ နိုင်ငံရေး စီးပွါးရေး လူမှုရေး စသည့် အရေးအားလုံးတွင် ထိပ်တန်းစားရင်းတွင် နံမည်ရေးထိုး နိုင်သူနည်း၍ ကျိုးလွယ်ပျက်လွယ်သော သင်းကွဲထင်း ချောင်းများအဖြစ်နှင့်သာ ကိုယ့်အချင်းချင်းပွတ်တိုက်၍ လောင်းကျွမ်းပြာကျနေကြလေသည်။ ဝမ်းနည်းဖွယ် ကောင်းလေစွ။

အောင်မြင်သောလူတယောက် အောင်မြင်သောလူမျိုးတမျိုး အောင်မြင်သောတိုင်းပြည်တပြည် တည်ဆောက် ရန် သာမန်ထင်းချောင်းများ၏ အရည်အချင်းနှင့်တော့ မည်သည့်ခေတ် မည်သည့်ကာလတွင်မှ မဖြစ်နိုင်ချေ။ ခိုင်မာ စွာကျစ်ထားသော ကြိုးတချောင်းတော့ လိုကိုလိုပါသည်။ ယင်းကား မြတ်ဗုဒ္ဓြွဟောကြားခဲ့သော ဗလငါးတန် ပင်တည်း။ ဗလငါးတန်တည်းဟူသောကြိုးဖြင့် ဘဝကို မထိန်းကျောင်းနိုင်သမျှကာလပတ်လုံး အစည်းပြေနေ သော ထင်းကဲ့သို့ အလွယ်တကူအချိုးခံနေရမည်သာ။ သူတပါးချိုးမှသာမဟုတ်။ ကိုယ့်ဘာသာ တစုံ တခုနှင့် ပွတ်တိုက်မိ၍လည်း လောင်ကျွမ်းပြာကျ ခံနေရမည်သာတည်း။

တိုင်းပြည်အတွက် တိုက်ပွဲဝင်နေသည်ဆိုသော ပုဂ္ဂိုလ်များကြား၌ မရင့်ကျက်မှုများက အနှစ်နှစ်ဆယ်ကျော်လာ သည့်အခါ အိုင်းအမာကဲ့သို့ ပုပ်အဲ့သော ညှီစို့စို့ ပြည်ပုပ်များကို မြင်ကြားနေရသကဲ့သို့ တိုင်းပြည်တွင်အကြပ် အတည်းဆိုက်၍ ပြည်ပတွင် တဝမ်းတခါးအတွက် ကြုံရာကျပမ်း ရရာအလုပ်ကိုလုပ်ကိုင်နေကြသော ကျနော်တို့ ညီအကိုမောင်နှမများ၏ နိစ္စဓူဝ ကြားနေရသော သတင်းများကား “ဟင်္သာကိုးသောင်းဇာတ်”နှင့် “ပေါရိသာဒ ဇာတ်”ကို အပြိုင် ခင်းနေကြသည်နှင့်သာ တူတော့သည်။ ကိုယ့်အချင်းချင်း ကလိမ်ကကျစ်ကျခြင်း ဗိုလ်ကျခြင်း သတ်ဖြတ်ခြင်း စသောဒုစရိုက်မှုများကို ပျော်ပျော်ကြီးလုပ်နေကြလေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ အတွက် ကြီးနိုင်ငယ်ညှဉ်းစနစ် အင်အားကြီးသူက အင်အားနည်းသူကို အလွယ်တကူ အနိုင်ယူနိုင်သော အခြေ အနေတရပ်က မျက်နှာသာပေးထား၍ဖြစ်သည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ဖြတ်တောက်ခြင်းခံခဲ့ရသော ကျနော်တို့ဘဝကို ထင်းအစည်းပြေစေသကဲ့သို့ အလေအလွင့်ဖြစ်စေသောလက်သည်ကို အားလုံးဝိုင်းဝန်းရှာဖွေရပေမည်။ ပညာမဲ့သော ဆင်းရဲမွဲသောလူ့ ဘောင်တွင် လူမိုက်လူယုတ်တို့ နေရာရ တွင်ကျယ်တတ်သောကြောင့် ပညာနှင့်ချမ်းသာသုခတို့ ထုံမွှန်းသြော ကိုးများကို မိမိတို့ဘာသာကျစ်၍ တဦးချင်းစီထူးချွန်ကာ တမျိုးသားလုံးအတွက် အကျိုးများသောသူများဖြင့် တိုင်း ပြည်၏အနာဂတ်ကို တည်းဆောက်နိုင်ပါစေဟု ဆန္ဒပြုအပ်ပါသတည်း။

No comments: