
ယခုလမှစပြီး ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ မဲဆောက်ဘက်သို့ မြန်မာဆန်တင်သွင်းခွင့်ပြုလိုက်သဖြင့် ယခင်ကဲ့သို့ ညဘက် ဆန်များခိုးသွင်းရန် မလိုတော့ဟု မြန်မာဆန်ကုန်သည် များက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မြန်မာဆန်တန်ချိန် (၂၃,၀၀၀) ကို တင်သွင်းခွင့်ပြုလိုက်သဖြင့် မြန်မာဆန် များ မဲဆောက်သို့ တရက်ခြား တင်သွင်းလျက်ရှိသည်။
မြန်မာဆန် ဇီယာရှယ် အမျိုးအစားကို ထိုင်းကုန်သည်များနှင့် မြန်မာကုန်သည်များသည် ယခင်က ညဘက်တွင် တရားမ၀င်ခိုးသွင်းနေရသော်လည်း ထိုင်းဘက်မှ သတ်မှတ်ချက်ဖြင့် တရားဝင် တင်သွင်းခွင့်ပြုလိုက်သည့်အတွက် နှစ်ဘက်ကုန်သည်များ ပိုမိုအကျိုးရရှိကြသည်ဟု ကုန်သည်များက ပြောသည်။
ထိုင်းဆန်ကုန်သည်များသည် ဇီယာဆန်ကို တင်သွင်းရာတွင် မြန်မာတံဆိပ်ပါ အိတ်ခွံများနေရာတွင် ထိုင်းအိတ်ခွံ များဖြင့် အစားထိုးပြီး ထိုင်းနိုင်ငံတွင်းနှင့် ဆန်လုံလောက်မှုမရှိသည့် နိုင်ငံငယ်များသို့ တဆင့်ပြန်လည် ရောင်းချကြသည်ဟု ၎င်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် မြန်မာမန်နေဂျာတဦးက ပြောသည်။
မြန်မာဆန်ကုန်သည်တဦး၏ အဆိုအရ “ဆန်တတန်ကို အခုငွေဈေးနဲ့ဆိုရင် မဲဆောက်ဘက်ပို့တာ အမေရိကန် ဒေါ်လာ (၂၈၀) အများဆုံးပဲ၊ ဒီထက်ပိုမရဘူး။ ကီလို (၅၀) ၀င် ဆန်တအိတ်ကို ထိုင်းဘတ်ငွေ (၅၀၀) ကျော်ပဲ ရှိတယ်။ ဒီဆန်တွေကို အိတ်ခွံပြောင်းပြီး သူတို့လက်ကား ပြန်ဖြန့်တာ တအိတ် ဘတ် (၇၀၀) လောက်ရှိတယ်။ မဲဆောက်ဘက်မှာဆိုရင် ဆိုင်ပေါ်တင်ရောင်းတာ တအိတ် ဘတ် (၈၀၀) လောက်ရှိတယ်။ ဒါကြောင့် ထိုင်းတွေက မြန်မာဆန်ကို ၀ယ်တာပါ။ အဓိက ဇီယာရှယ်ကို ပိုဝယ်ကြတယ်” ဟု ပြောသည်။
ထိုင်းဆန်အရောင်းဆိုင်မှ မြန်မာဝန်ထမ်းတဦးက “မြန်မာဇီယာဆန်ရှယ်က ထိုင်းဆန်နီးပါး ကောင်းတော့ ထိုင်းတွေက အိတ်ခွံပြောင်းပြီး ဒေသတွင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေနဲ့ မြန်မာအလုပ်သမားတွေကို တဆင့်ပြန် ရောင်းတယ်။ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် တခုတည်းမှာပဲ မြန်မာဆန်က တန်ချိန်ထောင်နဲ့ချီပြီး ရောင်းရတယ်” ဟု ပြောသည်။
မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့စည်းများ၏ မှတ်တမ်းများအရ မဲဆောက်ဒေသအတွင်း အလုပ်ရုံစက်ရုံပေါင်း (၂၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၁) သိန်းခန့် အလုပ်လုပ်ကိုင် လျက်ရှိကာ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တခုလုံးတွင် မြန်မာအလုပ်သမား (၃) သိန်းခန့်ရှိသည်ဟု သိရှိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံမှ ထိုင်းဘက်သို့ တင်သွင်းသည့် မြန်မာဆန်နှင့် အခြားမြန်မာစားသောက်ကုန်များကို အဓိကစားသုံးသည့် ဈေးကွက်ကြီးတခု ဖြစ်သည်ဟု မဲဆောက်ဈေးတွင် မြန်မာစားသောက်ကုန်များ ရောင်းချသည့် နိုင်စုံချိုင်းက ပြောသည်။
တရားဝင်ဆန်တင်သွင်းခွင့်ပြုသော်လည်း အမြတ်အစွန်း ပိုမိုရရှိရန်အတွက် သတ်မှတ်ချက်ထက် ပိုမိုတင်သွင်းနေ ကြရသည်ဟု မြန်မာကုန်သည်တဦးကလည်း ပြောသည်။
၎င်းက “ဒီအခွင့်အရေးက ကုန်သည်တွေအတွက် မိုးရွာတုန်း ရေခံပဲ။ လက်ရှိပေါက်ဈေးကို ထိုင်းက ပို့သမျှ အကုန်ယူတယ်။ အရင်လို ခိုးသယ်စရာမလိုတော့ဘူး။ အခွန်အကောက်ကတော့ နှစ်ဘက်စလုံးပေးရတယ်။ ဘာပဲဖြစ်ဖြစ် ဒီနည်းက အလုပ်ဖြစ်တယ်။ မြန်မာဘက်ကတော့ သိတဲ့အတိုင်းပဲ။ အိတ် (၁၀၀) အခွန်ဆောင်ရင် နောက်ထပ် အိတ် (၁၀၀) ကို အခွန်လွတ်ဖြစ်အောင် ညှိရတာတွေရှိတယ်။ ဒါကတော့ ဘယ်နေရာမှာမဆိုရှိတဲ့ မြန်မာ့နည်း မြန်မာ့ဟန်ပဲ” ဟု ပြောသည်။
မြန်မာကုန်သည်ကြီးတဦး၏ အဆိုအရ “နိုင်ငံခြားကို ဆန်အိပ်စ်ပို့လုပ်တော့ အစိုးရက သူ့နဲ့ရင်းနှီးပြီး သူ့ကိုထောက်ခံ တဲ့ ကုမ္ပဏီကြီးတွေကိုပဲ ခွင့်ပြုတယ်။ ကျန်တဲ့လုပ်ငန်းရှင် အငယ်လေးတွေကျတော့ ကန့်သတ်ချက်အမျိုးမျိုးလုပ်ပြီး နှိပ်ကွပ်တယ်။ ဒါကြောင့် နယ်စပ်ကို ဆန်အပါအ၀င် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်နဲ့ အခြားထွက်ကုန်တွေက နယ်စပ်ကနေ အခုလို တင်ပို့တော့ တဖက်ဝယ်လက်ရဲ့ ဈေးနှိမ်တာကို အမြဲတမ်းပဲခံနေ ရတယ်။ ဒါဟာ စနစ်မကျတဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ အစိုးရရဲ့မူဝါဒကြောင့် ဖြစ်တယ်” ဟု ပြောသည်။
မြန်မာဆန်သည် နိုင်ငံတကာရှိ ဆန်တင်ပို့သည့် နိုင်ငံများနှင့်ယှဉ်လျှင် အရည်အသွေးပိုင်းနှင့်ထုတ်လုပ်မှုပိုင်းတွင် ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးဘဲ ဈေးနူန်းဖြင့်သာ ယှဉ်ပြိုင်နေရသည်။
No comments:
Post a Comment