Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Friday, January 30, 2009

ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ


ဝီရ / ၃၀ ဇန်န၀ါရီ ၂၀၀၉

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ဖြည့်စွက်ခြင်းများ မလုပ်ဆောင်ပါလျှင် ၎င်းတို့ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက်ကိုင် အပစ်ရပ်အဖွဲ့အစည်းကြီးတဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတို့က ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ယခုလ (၁၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲ မဟုတ်သောကြောင့် မိမိပါတီအနေဖြင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားမဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

၎င်းက “ကျနော်တို့ပါတီက ဒီအခြေခံဥပဒေမူကြမ်းကို ဖြည့်စွက်တာတွေ၊ ပြင်ဆင်တာတွေ အဆိုပြုတာလည်း နအဖတို့က လျစ်လျူရှုခဲ့တယ်၊ ပယ်ချခဲ့တယ်။ ပြီးတော့ ဒီဥပဒေမူကြမ်းဟာ မွန်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ သုံးသပ်ဆွေးနွေးကြပြီး ပါတီရဲ့ညီလာခံမှာ ရွေးကောက်ပွဲ မဝင်ရေး ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်တယ်။ နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမယ်ဆိုရင် ကျနော်တို့ ပါတီက ဒါကို ပြန်စဉ်းစားပေးမယ်” ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားအခွင့်အရေးအတွက် မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်နှင့် (၃၆) နှစ်ကြာ စစ်ခင်းတော်လှန်ခဲ့ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် လွန်ခဲ့သော (၁၄) နှစ်ခန့်က အပစ်အခတ်ရပ်စဲထားသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုလည်း စစ်အစိုးရလက်အောက်ခံတပ်အဖြစ် ဝင်ရောက်ခိုင်းသည်ဖြစ်စေ၊ လက်နက်ချခိုင်းသည်ဖြစ်စေ လက်ခံလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့၏ ညီလာခံမှ ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ် (၅) နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း မွန်ပြည်သစ်ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အကယ်၍ နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ဥပဒေမူကြမ်း အသစ်တစ်ရပ် ပြန်လည်ရေးဆွဲမည်ဆိုပါက ပူးပေါင်းပါဝင် မည်ဟု အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငွေသိမ်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

“မွန်ပြည်သစ်ပါတီရဲ့ ယခုလို ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်ချက်ကို ကြိုဆိုတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေမူကြမ်းကို မသုံးဘဲ ဥပဒေမူကြမ်းအသစ်တရပ်အတွက် တိုင်းရင်းသားတွေနဲ့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နအဖတို့က ဆွေးနွေးပြီး ပြန်လည်ရေးဆွဲကြရင် ကျနော်တို့အဖွဲ့ကလည်း ဝင်ရောက်ပူးပေါင်းမယ်။ ဒီ ၂၀၀၈ ဥပဒေမူကြမ်းကို မပြင်ဆင်သရွေ့တော့ ကျနော်တို့လည်း ၂၀၁၀ မှာ ဝင်ရောက်အရွေးခံမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။

ထို့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) နှင့် မွန်သံဃာတော်အရှင်သူမြတ်တို့ကလည်း မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ကို ကြိုဆိုထောက်ခံကြသော်လည်း ယင်းရပ်တည်ချက်သည် မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြနေ သည့် ပြည်သူအများစုလည်း ရှိကြကြောင်း သိရသည်။

မွန်ပြည်သူတို့၏ လေးစားကြည်ညိုခြင်း ခံရသော မွန်ပြည်နယ်မှ ဆရာတော်တပါးကမူ “မွန်ပြည်သစ်ပါတီရဲ့ ယခုလိုရပ်တည်ချက်ကို ထောက်ခံတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ပျက်သွားတဲ့အထိ ဖြစ်သွားရင်တော့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံပညာရေးဆိုင်ရာ အခွင့်အရေးတွေကိုတော့ ပြန်လည်ဆုံးရှုံးမှာ သေချာတယ်” ဟု မိန့်ကြားသည်။

သို့သော် မွန်ပြည်သစ်ပါတီကမူ အပစ်အခတ်ရပ်စဲရေးကို မိမိတို့ပါတီဘက်မှ အရင် ဖျက်ဆီးရန် အစီအစဉ်မရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ပေါ်လစီ(မူဝါဒ)က မွန်လူမျိုးတွေအတွက် အာမခံချက် တခုခု မရမချင်း လက်နက် မဖျက်သိမ်းဘူး၊ လက်နက်မချဘူး၊ ပါတီကို အဖျက်သိမ်းမခံဘူး။ စစ်အစိုးရဘက်က လက်နက်ဖျက်သိမ်းခိုင်းတာပဲဖြစ်ဖြစ်၊ လက်နက်ချခိုင်းတာပဲဖြစ်ဖြစ် ဖိအားပေးလာရင် အခြားမွန်အဖွဲ့အ စည်းတွေနဲ့ မွန်သံဃာတော်တွေ၊ မွန်ပြည်သူလူထုတွေဆီက အကြံဥာဏ်တွေကို တောင်းခံပြီး အဲ့ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ပါတီက ဆုံးဖြတ်ချက်ချမယ်” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီအား လက်နက်ချရန်၊ လက်နက်အပ်ရန် ဖိအားပေးမည်မဟုတ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်းက ယင်းပါတီနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ကတိပေးခဲ့ကြောင်း ကြားသိရသည်။

အပစ်ရပ်တိုင်းရင်းသားပါတီအသိုင်းအဝန်းများမှ လာသောသတင်းအရ ၎င်းတို့တောင်းဆိုနေသော အခွင့်အရေးတို့ကို နောက်တက်လာမည့် အစိုးရတွင်သာ တင်ပြကြရန် လက်ရှိစစ်အစိုးရက ပြန်လည် အကြောင်းပြန်ခဲ့သည်ကို ထောက်ရှုခြင်းဖြင့် စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့အစည်းများကို ဤအတိုင်း ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မဖျက်ဆီးလိုကြောင်း ဆိုကြသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ ကြီးမှူးကျင်းပသော အမျိုးသားညီလာခံသို့ ဗဟိုကော်မတီဝင်အဆင့် တက်ရောက်ခဲ့ရာမှ ၂၀၀၅ ခုနှစ်ကစ၍ လေ့လာသူအဆင့်သာ ဆက်လက်စေလွှတ်ခဲ့သည်။



Summary

Rest of your post

No comments: